Geobulletin alpha

News from the Geoblogosphere feed

by Stratigraphy.net
New from Snet: Lithologs, a new tool to create lithological/sedimentological logs online..

Blog post recommendation

အတိတ်ဆီက အရေးပါသော ငလျင်ကြီးများ (၂)

၁၇၆၈ ငလျင်
ထိုအချိန်က အထက်မြန်မာပြည် အင်းဝ၌ ဆင်ဖြူရှင် (ခေါ်) မြေဒူးမင်းလက်ထက် ဖြစ်သည်။ ဗန်းမော်ဖက်က တရုတ်ရန်ကို တိုက်ခိုက်ပြီးကာစအချိန်လည်း ဖြစ်သည်။ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး၏ တနေရာ၌ မြန်မာသက္ကရာဇ် ၁၁၃၀ ကဆုန်လဆန်း ၁၅ရက်နေ့ ပုဂံမြို့သို့ စုန်တော်မူသည်။ တန်ခူးလဆန်း ၁၄ရက်နေ့က လျောကျခဲ့သော ရွှေစည်းခုံ စေတီတော်ထီးကို နယုန်လဆန်း ၁၅ရက်၌ ပြန်လည် တင်လှူတော်မူသည်။ တလခန့်အကြာ နယုန်လပြည့်ကျော် ၁၃ (စနေနေ့) ငလျင်ပြင်းစွာလှုပ်၍ ရွှေတိဂုံစေတီတော် ဆတ်သွားဖူးမှ ပထမ ဖေါင်းရစ်တိုင် ပြိုသည်ကို ရန်ကုန်မြို့ဝန်က လျှောက်ထားသဖြင့် ပြန်လည် ပြင်ဆင်ကြောင်း ပါရှိသည်။ ကိုစောထွေးဇော် (၂၀၀၆)၏ တွက်ချက်မှုအရ ထိုပျက်စီးမှုသည် ငလျင်ပြင်းအား အတန်း ၇ထိ ခံရခဲ့ကြောင်း သိရသည်။ ထိုနေ့ထိုရက်၌ပင် သံလျင်မြို့က ကျိုက်ခေါက် စေတီတော်လည်း ငလျင်ကြောင့် ပျက်ခဲ့သဖြင့် ပြန်ပြင်ခဲ့ကြောင်း စေတီတော် ပြုပြင်မှုမှတ်တမ်း၌ ဖေါ်ပြထားသည်။ ဆံတော်ရှင်၏ ကျည်းဝန်းမှ အထက်ပိုင်းတခုလုံး ပြိုကျခဲ့ပြီး ပစ္စယာနှင့် ပန်းတဉ်းခုံတို့လည်း ကွဲပျက်ခဲ့သည်ဟု ဆိုသည်။ စေတီတော်သည် ရှေးတုန်းက ခပ်နိမ့်နိမ့်သာ ဖြစ်သော်လည်း ကုန်းဘောင်ခေတ်မှ စ၍ ယနေ့မျက်မှောက်ခေတ်ထိ အမြင့်မှာ ကွာခြားမှု မရှိသလောက် ဖြစ်သည်။ ထို့ကြောင့် လက်ရှိ မြင်ရသော စေတီတော်နှင့် ပျက်စီးခဲ့သည် နေရာမှားကို အောက်ဖက်၌ ပြထားပါသည်။ ပုံ (၁) မြန်မာသက္ကရာဇ် ၁၁၃၀က လှုပ်သော ငလျင်ကြောင့် ပျက်သွားသော အပိုင်းများနှင့် ခံလိုက်ရသော ငလျင်ပြင်းအား။
တောင်တွင်းကြီးအနီး၌ ၂၀၀၃က လှုပ်ခဲ့သော ပမာဏ ၆.၈ ငလျင်၊ ၂၀၁၁ တာလေ၌ လှုပ်သော ပမာဏ ၆.၈ ငလျင်၊ ၂၀၁၂ သပိတ်ကျင်း၌လှုပ်သော ပမာဏ ၆.၈ ငလျင်များ၏ ငလျင်ပြင်းထန်အားနှင့် အပျက်အစီးများအား လေ့လာချက်အရ လည်းကောင်း၊ ရှေ့၌ပြခဲ့သော ကိုစောထွေးဇော် (၂၀၀၆)၏ တွက်ချက်ပုံအရလည်းကောင်း သံလျင် ကျိုက်ခေါက်စေတီတော်၏ ပျက်စီးမှုသည် ငလျင်ပြင်းထန်အားး အတန်း ၆ထိ ခံခဲ့ရနိုင်ကြောင်း ခန့်မှန်း၍ ရသည်။ ပဲခူးမြို့က ရွှေမောဓေါစေတီတော်နှင့် မဟာစေတီတော်တို့လည်း ငလျင်အရှိန် ပြင်းထန်လှသဖြင့် ပြိုကျကုန်ကြောင်း သိရသည်။ ပုဂံမြို့က အာနန္ဒာ၊ ရွှေစည်းခုံ ထီးတော်များ ထိခိုက်ကြသည်ဟု ဆိုသည်။ ထိုအချက်များကို အခြေခံကာ ငလျင်အရှိန်ခံရသော ရပ်ဝန်းမြေပုံကို ဆွဲပြထားပါသည်။ ပုံ(၂) ၁၇၆၈ ငလျင်ပြင်းအားတူပြမြေပုံ။
ငလျင်ပြင်းအားတူပြမြေပုံကို ကြည့်လျှင် အတန်း ၈နှင့် အထက်ရှိသော ရပ်ဝန်းငယ်တခုကို မြင်ရမည်။ ထိုနေရာသည် ယနေ့ခေတ် ငလျင်ဘူမိဗေဒ၌ ထင်ရှားသော စစ်ကိုင်း ပြတ်ရွေ့၏ ပဲခူး-ဒိုက်ဦး အဆစ်နှင့် အတော်ပင် ဆက်စပ်ပုံရသည်။ လွန်ခဲ့သည့် အပါတ်က တင်ပြခဲ့သော ၁၈၃၀သည် ပဲခူးတောင်ဖက်ပိုင်း အဆစ်ဖြစ်ပြီး ယခု ၁၇၆၈သည် ပဲခူး မြောက်ပိုင်းအဆစ် ဖြစ်နေသည်။ ၁၈၃၀သည်လည်းကောင်း၊ ၁၉၃၀သည်လည်းကောင်း တရပ်တနေရာတည်းကဟု ဆိုနိုင်ပြီး အချိန်အားဖြင့် ၁၀၀နှစ် ခြားသည်။ မြောက်ပိုင်းအဆစ်၊ တောင်ပိုင်းအဆစ်ဟု ဆိုနေသော်လည်း စစ်ကိုင်းပြတ်ရွေ့သည် တခုတည်းသာ ဖြစ်သည်ကို မမေ့သင့်ပေ။ ပဲခူးကဲ့သို့သော မြို့အနေနှင့် အရပ်အားလုံးကို ထည့်သွင်းစဉ်းစားရသည်။ ၁၇၆၈နှင့် ၁၈၃၀ သည် ၆၂နှစ်သာ ခြားသည်။ ထို့အပြင် ၁၉၁၇သည်လည်း ၁၇၆၈နှင့် ဖြစ်ရာအရပ် အတူလောက်ဖြစ်သည်။ ထိုအခါ သာမာန်မှန်းဆယုံတွက်ပါက ပျှမ်းမျှ ၆၀နှစ်ကာလတိုင်း ငလျင်ကြီး အလည်အပါတ်လာတတ်သည်ဟု ယူရန် ရှိသည်။ ၁၉၃၀ မှ စ၍ ငလျင်မလှုပ်သည်မှာ ကြာပြီဖြစ်သော ထိုအရပ်သည် ရှေးက အပျက်အစီးများကို အမှတ်ရ ဆင်ခြင်၍ ပြင်ဆင်သင့်သည်ကို ပြင်ဆင်ထားရန် တိုက်တွန်းလိုက်ပါသည်။

Stratigraphy.net | Impressum
Ads: