Home
|
Weekly Review
|
Search
|
List Blogs
|
Add Blog
|
Login
Geobulletin
alpha
News from the Geoblogosphere
by Stratigraphy.net
New from Snet:
Lithologs
, a new tool to create lithological/sedimentological logs online..
Blog post recommendation
Male Earthquake- Intensity VII - IX မလယ်ငလျင်- ပြင်းအား ၈ - ၉
မလယ်၊ စပါယ်နဂို။
မလယ်ငလျင် စတင်ရာအရပ်နှင့် အနီးဆုံးအရပ်သည် ဧရာဝတီမြစ်အနောက်ကမ်းက မလယ်ရွာ၊ မြစ်အရှေ့ကမ်းက စပါယ်နဂိုနှင့် သပိတ်ကျင်းမြို့များ ဖြစ်ကြသည်။ လူဦးရေ၊ အဆောက်အအုံ၊ လမ်းပန်း ဆက်သွယ်မှုအရ သပိတ်ကျင်းသည် မြို့ဖြစ်သောကြောင့် ပို၍ထိခိုက်ခံရကာ လူသိများသည်။ သို့သော် ငလျင်ပြင်းအားထိခိုက်ခံရသည့် အတိုင်းအတာ၌ မလယ်နှင့် စပါယ်နဂိုသည် သပိတ်ကျင်းထက် မလျော့ပေ။ မလယ်၌ အိမ်အလုံး ၂၀ ပြိုသည်။ တိုက်နယ်ဆေးရုံ အဆောင်တခု ပြိုကျ၊ မူလတန်းကျောင်း တဆောင်လည်း ပြိုသည်။ ဓမ္မာရုံ ၂လုံး နံရံများပြိုပြီး ဘုန်းကြီးကျောင်းလည်း အတော် ပျက်စီးသည်။ ပုံ (၁) မြင်ရသည့်အတိုင်း မလယ်တောင်စေတီတော်မှာ အောက်ခြေအဆင့်များ ကွဲအက်ပြိုကျသွားသည်။
ပုံ (၁) ပမာဏ (၆.၈) ၁၁-၁၁-၂၀၁၂ ငလျင်ကြောင့် မလယ်တောင် စေတီတော် ပျက်စီးသွားပုံ။ (ဓါတ်ပုံ- ရွှေခြင်္သေ့ လူမှုကွန်ယက်၊ ရွှေဘို)
မလယ်သည် ကန့်ဘလူမြို့နယ်အပိုင် ကျေးရွာဖြစ်သည်။ သတင်းထုတ်ပြန်ချက်အရ ကန့်ဘလူမြို့နယ်အတွင်းရှိ ရေရှင်ကျေးရွာ စေတီတော်များ ထီးတော်အဆင့်ထိ ပြိုကျခြင်း၊ ဇီးကုန်းဘောင်ရွာမှ ဆန်စက်ခေါင်းတိုင် ပြိုကျခြင်း၊ သပြေသာကျေးရွာ ဘုန်းကြီးကျောင်းပြိုကျခြင်းနှင့် ထန်းတပင် ရွာလယ်စေတီ ထီးတော် မြေခခြင်းများ ဖြစ်ခဲ့သည်။
မလယ်တောင်စေတီတော်၏ အပေါ်ပိုင်းသည် ပြုပြင်မွန်းမံထားသည်မှာ မကြာသေးပုံရသည်။ အောက်ခြေတခုလုံး ပျက်သော်လည်း ခေါင်းလောင်းပုံမှာ အထိအခိုက်နည်းပုံရသည်။ အမှန်တော့လည်း စေတီအောက်ခုံမှာ ဆွေးနေပြီး အုတ်ကပ်သည့် အင်္ဂတေကလည်း မကောင်း (စံမမှီ)ပေ။ ပျက်စီးပုံကို ကြည့်၍ ပြောနိုင်သည်မှာ စေတီအား ထက်အောက် အကြိမ်များစွာ ကိုင်ဆောင့်ထားသကဲ့သို့ ရှိသည်။ ဤသို့သော မြေလှုပ်မှုသည် ငလျင်ဗဟိုချက်နှင့် နီးသောအရပ်များ၌ ဖြစ်တတ်သည်။ အခြားသော မေးမြန်းချက်တခုတွင် မလယ်အနီးမှ ချောင်းများ၌ ရေပွက်ခြင်း၊ သဲပွက်ခြင်းများ အများအပြား ရှိခဲ့သည်ဟု သိရသည်။
စပါယ်နဂိုရွာ၏ အပျက်စာရင်းကို ထုတ်ပြန်သည်ကို မတွေ့ရ။ စပါယ်နဂိုသည် မလယ်နှင့် သပိတ်ကျင်းထက် မလျော့။ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ ပြိုကျကုန်သည်။ ပုံ(၂)၌ မြင်ရသကဲ့သို့ မြစ်ကမ်းပါးက တောင်ကမူလည်း တခြမ်းပဲ့သည်။ တောင်ပေါ်က စပယ်နဂိုစေတီသည်လည်း မလယ်စေတီကဲ့သို့ပင် အောက်ခြေခုံ ကွဲ၍ ပျက်သည်။ ပုံ (၃) မှာ ပြင်ရသည့်အတိုင်း မြေပြင်လည်း ကွဲသည်။ ရေပွက်သည်။ ပုံ(၄) ၌ ငလျင်ဒဏ် ခံလိုက်ရသော စပါယ်နဂိုမှ စာသင်ကျောင်း တခုဖြစ်သည်။ အခြားကျောင်းတခုမှာ မြေပြင်၌ ပုံလျှက်သား ကျသည်။ ငလျင်လှုပ်ချိန်သည် တနင်္ဂနွေမနက် ဖြစ်သဖြင့် ကံကောင်းသွားသည်ဟု ဆိုရမည်။ အိပ်ချိန်မဟုတ်သဖြင့် နေအိမ်၊ ဘုန်ကြီးကျောင်းများ ပြိုကျသော်လည်း လူအထိအခိုက်မရှိ။ ကျောင်းပိတ်ရက်၊ ရုံးလုပ်ငန်းများ ပိတ်ရက် ဖြစ်သောကြောင့် ကျောင်းများ၊ ရုံးများ ပြိုကျသော်လည်း အထိအခိုက်မရှိခဲ့။
ပုံ (၂) စပါယ်နဂိုရွာတောင်ဖက်၊ ဧရာဝတီ မြစ်ကမ်းမှ တောင်ကုန်း ငလျင်လှုပ်၍ ပဲ့ကျနေပုံ။ (ဓါတ်ပုံ- စိုးမင်း)
ပုံ(၃) စပါယ်နဂိုရွာ မြစ်ကမ်းပါးကွဲအက်နေပုံ။ (ဓါတ်ပုံ- စောငွေခိုင်)
ပုံ (၄) ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော စပါယ်နဂိုရွာ စာသင်ကျောင်းတခု။ (ဓါတ်ပုံ- ရွှေခြင်္သေ့ လူမှုကွန်ယက်၊ ရွှေဘို)
သပိတ်ကျင်း
သပိတ်ကျင်းမြို့သည် စစ်ကိုင်းပြတ်ရွေ့ကို ခွ၍ တည်ထားသော မြို့ဖြစ်ပြီး ဤဖြစ်ရပ်၌ လူနေအိမ်ခြေ၊ အဆောက်အအုံ အပျက်အများဆုံး မြို့လည်း ဖြစ်သည်။ မြစ်ကမ်းပါး၌တည်ထားသောကြောင့်လည်း ကမ်းပါးပြိုမှုများလည်း ကြုံရသည်။ သပိတ်ကျင်းမြို့နှင့် စစ်ကိုင်းပြတ်ရွေ့ အနေထားကို ပုံ (၅)၌ ပြထားသည်။ သပိတ်ကျင်း မြို့ မြောက်ဖက်၌ အရှေ့မှ အနောက်အတိုင်း စီးလာသော ချောင်းသည် စစ်ကိုင်းပြတ်ရွေ့သို့ ရောက်သောအခါ တဆစ်ချိုး၍ မြောက်ဖက် ၈၀၀မီတာခန့် တွင် မြစ်အတွင်းသို့ စီးဝင်သွားသည်။ ထို၈၀၀မီတာခန့် ရှိသော ချောင်း၏ အံလွဲမှုအတွက် အတိတ်၌ ငလျင်ကြီးများ အကြိမ်ကြိမ် လှုပ်ခြင်းနှင့် အတူ မြေပြင်သည်လည်း ရွေ့ခဲ့ပုံရသည်။ (ငလျင် မလှုပ်ဘဲလည်း ရွေ့နေနိုင်သည်။) ထိုနေရာ၌ မြေစမ်းကျင်းတူး၍ paleoseismological study လေ့လာသင့်သည်။
ပုံ (၅) စစ်ကိုင်းပြတ်ရွေ့ (အနီရောင်မျဉ်း)နှင့် သပိတ်ကျင်းမြို့။
သပိတ်ကျင်းမြို့ရှိ အုတ်နှင့်ဆောက်သော အဆောက်အအုံ အားလုံးနီးပါး ထိခိုက် ပျက်စီးသည်။ စေတီတော် ထိတ်ပိုင်းများကျိုးခြင်း၊ မုခ်ဦးများ ပျက်စီးခြင်းကို နေရာတိုင်းမှာ တွေ့ရသည်။ ပုံ (၆)၌ စာသင်တိုက်ဝင်းအတွင်းရှိ ကျောင်းများ နံရံကပ်အုတ်များ ကျွတ်ကျကုန်သည်ကို တွေ့နိုင်သည်။
ပုံ (၆) ငလျင်လှုပ်သဖြင့် နံရံကပ်အုတ်များ ကျွတ်ထွက်ကုန်သော စာသင်တိုက် ကျောင်းဆောင်။
ပုံ (၆)သည် သပိတ်ကျင်းမြို့ရှိ အိမ်၊ ရုံး၊ ကျောင်း အားလုံး၏ စံပြဆောက်လုပ်ပုံ ဖြစ်သည်။ သစ်သားတိုင်များ၊ ထုတ်များနှင့် ပတ်ခွေထားပြီး အုတ်ကို ဖြည့်ထားသည့် ဆောက်နည်း ဖြစ်သည်။ ငလျင်အရှိန် အနည်းငယ်ပြင်းသည်နှင့် အုတ်များ ပြုတ်ထွက်နိုင်သည်။ တိုင်များ၊ ထုတ်၊ ယောက်၊ ဒိုင်းများ ပျက်စီးမှုမှာ အလွန်နည်းသည်။ ဤဆောက်လုပ်ပုံကို ငလျင်ပြင်းအား ၇နှင့် အထက်ရှိသော အရပ်များ၌ ဆောက်လုပ်ရန် မသင့်တော်ပေ။ အထူးသဖြင့် ကျောင်း၊ ဆေးရုံ၊ ရုံးနှင့် လူအများနေထိုင်ရာများ အတွက် ပို၍ ခိုင်ခန့် အရည်အသွေးမှီသော ဆောက်နည်းကိုသာ ခွင့်ပြုသင့်သည်။
မြစ်ကမ်းပါး အချို့နေရာများပြိုကာ နေအိမ်အချို့အပေါ်သို့ မြေသားများကျဆင်းမှု ရှိသော်လည်း အိမ်ပျက်မှုသည် ငလျင်ကြောင့်သာ အများစု ဖြစ်သည်။ အခြားမြေပြင် ကွဲပျက်မှုကို သပိတ်ကျင်း မြို့အဝင်လမ်း တာပေါင်နှင့် စစ်ကိုင်းပြတ်ရွေ့ တလျောက်၌သာ အတွေ့ရများသည်။ မြို့ဝင်လမ်း တာပေါင် ပြတ်ရွေ့နေပုံကို တနေရာ၌ ပြခဲ့ပြီးပြီ။ ပုံ(၇)၌ သပိတ်ကျင်းမြို့ တောင်ဖက် တနေရာ၌ စစ်ကိုင်းပြတ်ရွေ့ တလျောက် မြေပြင်ကွဲပြတ်ရာကို တွေ့နိုင်သည်။ မြေပြင်ပြတ်ရွေ့ မှုသည် ဤအပိုင်း၌ ၁၀၀မီလီမီတာ ထက် မပိုသဖြင့် မြေအက်ရာမှအပ ရွေ့မှုမသိသာပေ။
ပုံ (၇) စစ်ကိုင်းပြတ်ရွေ့တလျောက် တွေ့ရသော မြေပြင် ကွဲပြတ်ရာ။ သပိတ်ကျင်းမြို့ တောင်ဖက်။
ပွေးပင်မော်
သပိတ်ကျင်းမြို့မြောက်ဖက် ၂ကီလိုမီတာခန့်အကွာ၌ ဧရာဝတီမြစ်အတွင်းသို့ ပွေးပင်မော် ချောင်းစီးဝင်ရာ ချောင်းဆုံ၌ ပွေးပင်မော်ရွာ ရှိသည်။ ထိုရွာရှိ အိမ်များလည်း ငလျင်ဒဏ် ထိခိုက်ခံရသည်။ ချောင်းဆုံ၌ ရေ ပွက်သည်။ မြေပြင်ကွဲကာ တောင်စောင်း ပြိုမှုများ ရှိခဲ့သည်။ ပုံ(၈)တွင် ငလျင်လှုပ်စဉ် တောင်ကုန်းတခု ပဲ့ကျနေပုံကို ပြထားသည်။ ငလျင်အား ပြင်းလျှင် တောင်စောင်းများ ပြိုတတ်သည်မှာလည်း ဖြစ်တတ်သည့် သဘာဝဖြစ်သည်။ မြို့ပြစီမံခန့်ခွဲသူများအတွက် နောင်မြို့ပြများ စီမံရာ၌ ထည့်သွင်းစဉ်းစားရမည့် အချက်တခု ဖြစ်သည်။
ပုံ (၈) ငလျင်ကြောင့် ပွေးပင်မော်ရွာအနီး တောင်စောင်းပြိုကျနေပုံ။ (ဓါတ်ပုံ- စိုးမင်း)
Stratigraphy.net
|
Impressum
Ads: